သင့်အတွက် နံနက်စာကို ဘယ်လိုယူ ဆချင်ပါသလဲ

” မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးပဲ” ဆိုတဲ့ဆိုရိုးကြီးက လူ့အဖွဲ့အစည်းထဲမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။
ဒါ့အပြင် မနက်စာဟာ ကျန်းမာရေးအတွက်အရေးကြီး တယ်လို့ ယူဆထားကြတာပါ။
ဒီကနေ့ တရားဝင်ထုတ်ပြန်နေကြတဲ့ အစာအဟာရ လမ်းညွှန်ချက်တွေမှာတောင် မနက်စာကို သေချာစွာစားသုံးဖို့ လမ်းညွှန်နေကြပါတယ်။
မနက်စာကိုပုံမှန် စားသုံးပေးခြင်းက ကိုယ်အလေးချိန်ချခြင်းတို့အတွက် ကူညီပေးပေမယ့် မနက်စာကိုပုံမှန်မစားဘဲ သတိလက်လွတ်နေမယ်ဆိုရင် အဝလွန်ခြင်းအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ဒါဟာ အခုဆိုရင် မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ အကြောင်းမှာ ၂၅ ရာခိုင်နှုန်းသော အမေရိကန်တွေဟာ မနက်စာကို စားလေ့မရှိကြပါဘူး။ ဒါ့အပြင် ကျွန်တော်တို့အယ်ဒီတာချုပ် ပင်လျှင် ခိုင်မာသောအကြောင်းပြချက်များဖြင့် မနက်စာကို စားလေ့မရှိပါဘူး။
မနက်စာစားသူတွေဟာ ကျန်းမာရေးကောင်းစေတဲ့
အလေ့အကျင့်တွေ ရှိကြပါတယ်။
လေ့လာမှုတွေအရတော့ ဒါဟာအမှန်ပါပဲ။ ဥပမာအားဖြင့် မနက်စာပုံမှန်စားသူတွေဟာ ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း ဖြစ်ဖို့ခက်ခဲပြီးတော့ နာတာရှည်ရောဂါဖြစ်နိုင် ချေနည်းပါးပါတယ်။
သို့သော်လည်း ဒီလိုလေ့လာမှုမျိုးဟာ Obsrvational Studies လို့ခေါ်တဲ့ အကျိုးတရားကို မပြနိုင်တဲ့လေ့လာစောင့်ကြည့်ရေး တစ်မျိုးသာဖြစ်ပါတယ်။
သူတို့အဆိုအရ၊ မနက်စာစားခြင်းက ကျန်းမာစေနိုင်တယ်။ ဆိုပေမယ့် အဲ့ဒီစားလိုက်တဲ့ မနက်စာက ကျန်းမာစေနိုင်တာ လားဆိုတာကို သူတို့သက်သေ မပြနိုင်ပါဘူး။
ဒါကို ရှင်းပြနိုင်တာက မနက်စာပုံမှန်စားသူတွေမှာ ကျန်းမာစွာနေထိုင်တတ်တဲ့ အလေ့အကျင့်တွေ ရှိနေတယ်ဆိုတာပါပဲ။ ဥပမာအားဖြင့် မနက်စာပုံမှန်စားသူတွေဟာ အမျှင်ဓာတ်နဲ့ အဟာရပြည့်ဝတဲ့ အစားအစာတွေကိုသာ စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ မနက်စာပုံမှန် မစားသူတွေကတော့ ဆေးလိပ်ပိုသောက် ဖြစ်မယ်။ အရက်သေစာတွေကို ပိုသောက်မိနိုင်တယ်။ နောက်လေ့ကျင့်ခန်းလည်း သိပ်မလုပ်ဖြစ်တော့ပါဘူးလို့ အဆင့်မြင့်လေ့လာမှုတွေက ဆိုပါတယ်။
မနက်စာစားခြင်းက သင့်ရဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကို
မြှင့်တင်ပေးတာမဟုတ်ပါဘူး။
တချို့လူတွေပြောနေကြပေမယ့် ဒါကဆိုရိုးလေးတစ်ခုလိုပါပဲ။ တကယ်တော့လူတွေက အစာစားပြီးတဲ့နောက် မြင့်တက် လာတဲ့ ကယ်လိုရီလောင်ကျွမ်းမှု အပူကို ပြောချင်နေတာပါ။
အမှန်တကယ် ကိုယ်တွင်းဇီဝဖြစ်စဉ်တွေအတွက် အဓိကကျတာက တစ်နေကုန် အစားအသောက်တွေရဲ့ ပမာဏပါ။ ဘယ်နှစ်ကြိမ်စားတာတို့၊ မကြာခဏစားတာတို့က ကိစ္စမရှိပါဘူး။ မနက်စာပုံမှန်စားသူနဲ့ မစားသူတို့အကြား ၂၄ နာရီအတွင်း ကယ်လိုရီလောင်ကျွမ်းမှုမှာ ခြားနားမှုမရှိပါဘူးလို့ အဆင့်မြင့် လေ့လာမှုက ဆိုပါတယ်။
မနက်စာစားခြင်းက ကိုယ်အလေးချိန်ကို မတက်စေပါဘူး။
မနက်စာစားခြင်းက သင့်ကိုပို၍ ဆာလောင်မွတ်သိပ်စေ ပြီးနေ့လယ်နဲ့ညနေတွေမှာ အလွန်အကျွံစားသုံးမှုကို ဖြစ်စေနိုင် တယ်လို့ ပြောကြပါတယ်။
တကယ်အမှန်က မနက်စာမစားတဲ့အတွက် နေ့လယ်စာကို ပိုပြီး စားမိစေပေမယ့် လွတ်သွားတဲ့ မနက်စာတစ်ခုလုံးစာနဲ့ နေ့လည်စာ နှစ်နပ်ပေါင်းစာထက်တော့ ပိုမိုပြီးစားမိမှာ မဟုတ်ပါ ဘူး။ အဆင့်မြင့်လေ့လာမှုကတော့ မနက်စာမစားခြင်းက တစ်နေ့ကို ကယ်လိုရီ ၄ဝဝ ခန့်လောက် စားသုံးနေခြင်းကို လျော့ကျ စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
သို့သော် အထက်ပါနည်းလမ်းက လူတိုင်းနှင့်တော့ အဆင်မပြေနိုင်ဟု သိရပါတယ်။ တချို့တွေက အပြုသဘောကောင်း ကျိုးတွေရရှိနေတဲ့အချိန်မှာ တချို့က ခေါင်းမူးခြင်း၊ သွေးတွင်း သကြားဓာတ်လျော့ကျခြင်းနဲ့ အာရုံစူးစိုက်မှု ပြဿနာတွေခံစားရနိုင်တယ်လို့ သတိပေးထားပါတယ်။
ထို့ကြောင့် တစ်နေကုန် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားနေသရွေ့မနက်စာစားခြင်း၊ မစားခြင်းကပြဿနာ မဟုတ်ပါဘူး။ မနက်စာက ကိုယ်တွင်းဇိဝဖြစ်စဉ်တွေကို လှုံ့ဆော်ပေးတာမဟုတ်သလို မနက်စာလွတ်သွားခြင်းက အဝလွန်ခြင်း မဖြစ်စေသလို အလွန့်အကျွံစားသုံးခြင်းလည်း မဖြစ်စေပါဘူး။
သင်ဟာ မနက်ပိုင်းမှာ ဗိုက်ဆာတတ်သူတစ်ယောက် မနက်စာကြိုက်သူတစ်ယောက်ဆိုရင် ကိစ္စမရှိပါဘူး။ စားနေကျအတိုင်း စားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာဖြစ်ဖို့တော့ လိုပါတယ်။ တကယ်လို့သင်ဟာ မနက်ပိုင်းမှာ ဗိုက်မဆာတတ်ဘူး မနက်စာဟာ သင့်အတွက် မလိုအပ်ဘူးထင်ရင်လည်း မစားဘဲ နေနိုင်ပါတယ်။
ဝေဖြိုးအောင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်